စူရာဟ်အမှတ်စဉ် (၈၅)
ဤကဏ္ဍသည် ‘ ဗုရူဂ်ျ ’ ဒွါဒ ရာသီစက်အကြောင်း
ပါဝင်သော ကဏ္ဍမည်၏။
ဤကဏ္ဍသည် မက္ကာမြို့တော်၌ ကျရောက်ခဲ့၏။
ဤကဏ္ဍတွင် အာယသ်တော် (၂၂) ပါး ပါရှိ၏။
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
မပြတ်မစဲ
သနားကြင်နာ ညှာတာတော်မူသော၊ မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော၊ အလ္လာဟ်အရှင်မြတ်၏
နာမတော်ဖြင့် အစပြုပါ၏။
وَٱلسَّمَآءِ ذَاتِ
ٱلْبُرُوجِ
၈၅း၁ (ငါအရှင်မြတ်သည်) ဒွါဒ ရာသီ (ဆယ့်နှစ် ရာသီ) အင်္သာစက်ရှိသော
မိုးကောင်းကင်ကို သက်သေ ထူတော်မူ၏။ [1]
وَٱلْيَوْمِ
ٱلْمَوْعُودِ
၈၅း၂ ၎င်းပြင် ချိန်းချက်ပြီးဖြစ်သောနေ့ကို သက်သေ ထူတော်မူ၏။
وَشَاهِدٍ وَمَشْهُودٍ
၈၅း၃ ထို့ပြင် အသင့်ရောက်ရှိသော နေ့ကို လည်းကောင်း၊ အသင့်ရောက်ရှိ
ကြရမည့်နေ့ကို လည်းကောင်း၊ သက်သေထူတော်မူ၏။ [2]
قُتِلَ أَصْحَٰبُ
ٱلْأُخْدُودِ
၈၅း၎ ကျင်းရှင် (တွင်းရှင်) ကျုံးတို့သည် ပျက်စီးခဲ့ ကြရလေသည်။
ٱلنَّارِ ذَاتِ
ٱلْوَقُودِ
၈၅း၅ ထင်းများစွာ (လောင်စာများစွာ) ရှိသော မီးရှင် တို့သည်။ [3]
إِذْ هُمْ عَلَيْهَا
قُعُودٌ
၈၅း၆ အကြင်အခါဝယ် ၎င်းတို့သည် ထိုမီး၏ အနီး ပတ်ဝန်းကျင်၌ ထိုင်လျက်ရှိခဲ့ကြကုန်၏။
وَهُمْ عَلَىٰ مَا
يَفْعَلُونَ بِٱلْمُؤْمِنِينَ شُهُودٌ
၈၅း၇ ထို့ပြင် ၎င်းတို့သည် ‘‘မုအ်မင်န်’’ သက်ဝင်ယုံ ကြည်သူတို့အား
မိမိတို့ပြုလျက်ရှိသော အမှုကိစ္စ (နှိပ်စက်ညှဉ်းပမ်းမှု) ကို ရှုစားလျက်
ရှိခဲ့ကြကုန်၏။ [4]
وَمَا نَقَمُوا۟
مِنْهُمْ إِلَّآ أَن يُؤْمِنُوا۟ بِٱللَّهِ ٱلْعَزِيزِ ٱلْحَمِيدِ
၈၅း၈ စင်စစ် ၎င်းတို့သည် ထို “မုအ်မင်န်’’ သက်ဝင် ယုံကြည်သူတို့၌ တန်ခိုးကြီးမားတော်မူသော၊
ချီးမွမ်း ထောပနာအပေါင်းကို ခံယူထိုက်တော်မူသော အကြင် အလ္လာဟ်အရှင်မြတ်အား
သက်ဝင်ယုံကြည်ကြသည်မှ တစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တွေ့ရှိခဲ့ကြသည် မဟုတ်ပေ။
ٱلَّذِى لَهُۥ مُلْكُ
ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۚ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍ شَهِيدٌ
၈၅း၉ မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာ မြေကိုလည်းကောင်း၊
စိုးမိုးအုပ်ချုပ်မှု အာဏာသည် ထိုအလ္လာဟ်အရှင်မြတ်၌သာ ရှိပေသည်။ [5]
၎င်းအပြင် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ထင်ရှားစွာ ရှုမြင်တော်မူသော
အရှင်မြတ် ဖြစ်တော်မူပေသည်။
إِنَّ ٱلَّذِينَ
فَتَنُوا۟ ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَٰتِ ثُمَّ لَمْ يَتُوبُوا۟ فَلَهُمْ
عَذَابُ جَهَنَّمَ وَلَهُمْ عَذَابُ ٱلْحَرِيقِ
၈၅း၁၀ ဧကန်မလွဲ အကြင်သူတို့သည် ‘‘မုအ်မင်န်’’
သက်ဝင်ယုံကြည်ကြကုန်သော ယောက်ျားတို့အား လည်းကောင်း၊ ‘‘မုအ်မင်န်’’ သက်ဝင်
ယုံကြည်ကြ ကုန်သော မိန်းမတို့အား လည်းကောင်း၊ နှိပ်စက်
ညှဉ်းပမ်းခဲ့ကြ၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခြင်း မပြုခဲ့ကြပေ၊
ထိုသူတို့၌ ‘‘ဂျဟန္နမ်’’ ငရဲ၏ ပြစ်ဒဏ်သည် (အထူးသဖြင့်) မီးလောင်ကျွမ်းခြင်း၏ ပြစ်ဒဏ်
သည် ရှိချေသတည်း။ [6]
[1] ‘‘ဗုရူဂ်ျ’’‘‘ဗုရူဂ်ျ’’
သည် ‘‘ဗုရ်ဂ်ျ’’ ၏ ဗဟုဝုစ်ကိန်းဖြစ်သည်။ ‘‘ဗုရူဂ်ျ’’ ဟူသည် တစ်နှစ်ကာလအတွင်း နေ့
လှည့်ပတ် သွားလာရာ ဒွါဒရာသီစက်ကိုလည်း ဆိုနိုင်သည်။ ကောင်းကင်တမန်များ
စောင့်ရှောက်နေသော ကောင်းကင် ရဲတိုက်များကိုလည်း ဆိုနိုင်သည်။ ကောင်းကင်တွင်
တွေ့မြင်နေရသော ကြယ်တာရာ ကြီးများကိုလည်း ဆိုနိုင်သည်။ (အွတ်ဆ်မာနီ)
‘ကစမ်’
ကျိန်ဆိုခြင်း၊ သက်သေထူခြင်း
လူတို့သည် အမျိုးမျိုး ကျိန်ဆိုလေ့
ရှိကြသည်။ သက်သေထူလေ့ ရှိကြသည်။ သို့ကျိန်ဆို သက်သေထူရာတွင် အချို့သည်
မိမိတို့ဆည်းကပ် ကိုးကွယ်ရာကိုသော် လည်းကောင်း၊ ရိုသေလေးစားအပ်သော ပုဂ္ဂိုလ်ကိုသော်
လည်းကောင်း၊ ထူးဆန်းအံ့ဖွယ်ရာကိုသော် လည်းကောင်း၊ ချစ်မြတ်နိုးသော အရာကိုသော်
လည်းကောင်း၊ ထူးကဲသော အရာကိုသော် လည်းကောင်း၊ ကျိန်ဆိုလေ့၊ သက်သေထူလေ့၊
တိုင်တည်လေ့ရှိကြသည်။
ထို့ပြင်တစ်ဝ စာပေအကျော်အမော်တို့သည်
ကျိန်ဆိုသောပစ္စည်းနှင့် ကျိန်ဆိုသည့် အကြောင်းတွင် တစ်နည်းတစ်ဖုံ ဆက်စပ်မှုကို
ထောက်ထားလေ့ရှိကြသည်။ ကျိန်ဆိုသောပစ္စည်းသည် ကျိန်ဆိုသည့် အကြောင်းအဖို့ အမြဲတစေ
သက်သေဖြစ်ရကောင်းစေ ဟူ၍ကား မဟုတ်ပေ။
အစ္စလာမ်၏ ရှရီအသ်တွင်
အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသောပုဂ္ဂိုလ်၊ အရာဝတ္ထုပစ္စည်းများကို ကျိန်ဆို
သက်သေထူခြင်းသည် လူသားတို့အဖို့ ဟရာမ်ဖြစ်သည်၊ ပိတ်ပင်တားမြစ်ထားသည်။
အလ္လာဟ်အရှင်မြတ် မှာကား လူသားတို့နှင့် မတူချေ။ အလ္လာဟ်အရှင်မြတ်သည်
များသောအားဖြင့် မိမိထံတော်တွင် ချစ်မြတ်နိုးဖွယ်သော၊ အကျိုးဖြစ်ထွန်းစေသော၊
လေးနက်သော၊ ထူးကဲသောအရာများ၊ ကျိန်ဆိုထားတော်မူသည့်အကြောင်းနှင့် စပ်လျဉ်း၍
သက်သေဖြစ်နိုင်သော အရာများကို ကျိန်ဆို သက်သေထူတော်မူလေ့ရှိပေသည်။ (အွတ်ဆ်မာနီ။ စ-၇၄၉။ အအ-၁၄)
‘‘ရှာဟိဒ်’’ နှင့် ‘‘မရှ်ဟူးဒ်’’
ဟူသော ပုဒ်များကို အနက်ဖွင့်ရာတွင် အဆိုအမျိုးမျိုး တွေ့ရှိရသည်။ ထိုအဆိုများအနက်
အကျော်ကြားဆုံး အဆိုမှာအောက်ပါအတိုင်း ဖြစ်သည်။
(၁) အချို့က ‘‘ရှာဟိဒ်’’ ဟူသည်
သောကြာနေ့ကို ဆိုလိုသည်၊ ‘‘မရှ်ဟူးဒ်’’ ဟူသည် ‘အရဖဟ်’ နေ့ကို ဆိုလိုသည်။
အဘယ်ကြောင့်ဆိုသော် သောကြာနေ့တွင်
လူများသည် ကိုယ့်အရပ်ဌာနမှာပင် နေထိုင်ကြသည်။ သောကြာနေ့သည် မိမိကိုယ်တိုင်
အမြို့မြို့သို့ ရောက်ရှိလာသည်။ ထို့အတွက် သောကြာနေ့ကို ‘ရှာဟိဒ်’ (ဝါ)
ရောက်ရှိလာသောနေ့ဟု ဖွင့်ဆိုခြင်း ဖြစ်တန်ရာသည်။
အရဖဟ်နေ့တွင် ဟာဂျီများသည် မိမိတို့၏
အရပ်ဌာန အသီးသီးမှ ခရီးထွက်၍ အရဖဟ်နေ့ကို ရည်စူးကာ ‘အရဖသ်’ ကွင်းပြင်သို့
ရောက်ရှိလာကြသည်။ ထို့အတွက် အရဖဟ်နေ့ကို မရှ်ဟူးဒ် (ဝါ) ရောက်ရှိရသောနေ့ဟု
ဖွင့်ဆိုခြင်း ဖြစ်တန်ရာသည်။ (ကြည့်-ထာနဝီ၊
အွတ်ဆ်မာနီ၊ အိဗ်နုဂျရီရ်၊ အိဗ်နုကဆီရ်)
အတိတ်ခေတ်တွင် အလ္လာဟ်အရှင်မြတ်အား
အီမာန် သက်ဝင်ယုံကြည်သူများအား ကျင်းကြီး ကျင်းငယ်များတူး၍ မီးအကြီးအကျယ်
တောက်လောင်စေပြီး မီးတိုက်ခဲ့သည့် ရင်နင့်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့သည်။
ထိုသို့ အီမာန်သက်ဝင် ယုံကြည်သူများအား ရက်ရက်စက်စက် မီးတိုက်ခဲ့သူများကား
မည်သူများနည်း။ ဤအကြောင်းနှင့် စပ်လျဉ်း၍ အဆိုအမျိုးမျိုးကို တွေ့ရှိရသည်။ ဤတွင်
မွတ်စ်လင်မ်၊ သိရ်မိဇီ၊ မွတ်စ်နဒ် အဟ်မဒ်၊ အိဗ်နုကဆီရ်စသည့် ကျမ်းကြီးများတွင်
ဖော်ပြပါရှိသည့် အောက်ပါဖြစ်ရပ်ကို ရေးသားဖော်ပြအပ်ပါသည်။
အတိတ်ခေတ်တွင် ဘုရင်တစ်ပါးရှိခဲ့သည်။
ထိုဘုရင်ထံတွင် မှော်ဆရာတစ်ယောက် ရှိခဲ့သည်။ မှော်ဆရာသည် အသက်အရွယ်ကြီးပြင်း၍
အိုမင်းရင့်ရော်လာသည့်အခါ ဘုရင့်အား ‘‘ကျွန်တော်မျိုးသည် အိုမင်းရင့်ရော်လာပါပြီ၊
သေဆုံးရမည့် အချိန်မှာလည်း နီးကပ်လာပါပြီ၊ ထို့အတွက် မိမိ၏ စုန်းမှော်အတတ်ကို
သင်ကြားပြသ ထားနိုင်ခဲ့ရန်အတွက် ကျွန်တော်မျိုးထံ လူငယ်တစ်ဦးကို
စေလွှတ်ပေးတော်မူပါ’’ ဟု လျှောက်ထားရာ၊ ဘုရင်သည် ထိုမှော်ဆရာထံသို့
လူငယ်တစ်ယောက်ကို စေလွှတ်ပေးခဲ့လေသည်။
မှော်ဆရာသည် ထိုလူငယ်အား မိမိ၏
စုန်းမှော်အတတ်ပညာများကို သင်ကြားပြသ၍ နေခဲ့၏။ အကြောင်းအားလျော်စွာ ထိုမှော်ဆရာ (၏
နေအိမ်) နှင့် ဘုရင် (၏ နန်းတော်) စပ်ကြားတွင် (လမ်း၌) နဆ်ွရာနီ ဘုန်းကြီးတစ်ပါး
နေထိုင်လျက်ရှိခဲ့၏။ လူငယ်သည် နဆ်ွရာနီ ဘုန်းကြီးထံသို့လည်း (လမ်းကြုံသဖြင့်)
ဝင်ထွက် သွားလာနေခဲ့၏။ နဆ်ွရာနီ ဘုန်းကြီး၏ တရားစကားများကိုလည်း
ကြားနာမှတ်သားနေခဲ့၏။ နှစ်သက်မြတ်နိုးခဲ့၏။ (သို့ နဆ်ွရာနီ ဘုန်းကြီးထံ ဝင်ထွက်
သွားလာနေခဲ့သည့်အတွက် တစ်ခါတစ်ရံ အချိန်ကြန့်ကြာ သွားလေ့ရှိခဲ့၏။ အချိန်ကြန့်ကြာ၍)
မှော်ဆရာထံရောက်သည့်အခါ မှော်ဆရာက အသင် အဘယ်ကြောင့် ကြန့်ကြာရသနည်းဟု မေး၍ ရိုက်၏။
ထို့အတူ (အိမ်သို့ ပြန်ရာတွင် ကြန့်ကြာသည့်အခါ) အိမ်သားများကလည်း အသင် အဘယ်ကြောင့်
ကြန့်ကြာသနည်းဟု မေး၍ရိုက်ကြ၏။ လူငယ်သည် ဤသို့ အရိုက်ခံနေရသည့် အကြောင်း နဆ်ရာနီဘုန်းကြီးအား
တိုင်ကြားရာ နဆ်ရာနီဘုန်းကြီးက အသင့်အား မှော်ဆရာက ရိုက်မည်ပြုသည့်အခါ
‘‘ကျွန်တော်၏ အိမ်သားများက တားထား၍ ကြန့်ကြာရပါသည်’’ အိမ်သူအိမ်သားများက
ရိုက်မည်ပြုကြသည့်အခါ ‘‘မှော်ဆရာက တားထား၍ ကြန့်ကြာရပါသည်’’ ဟု ဖြေဆိုရန်
သင်ပေးလေသည်။
တစ်နေ့သောအခါ အလွန်ကြီးမား
ကြောက်မက်ရွံ့ရှာဖွယ်ကောင်းသော တိရစ္ဆာန်ကြီးတစ်ကောင်သည် လမ်းတွင် လူများအား
ပိတ်ဆို့ဟန့်တားထားသည်ကို တွေ့မြင်ရလေသည်။ လူများသည်လည်း အသွားအလာ ပိတ်နေသည့်အတွက်
စိတ်ပျက်နေခဲ့ကြသည်။ ထိုအခြင်းအရာကို တွေ့မြင်ရသောအခါ လူငယ်က ယနေ့ အလ္လာဟ်အရှင်မြတ်
ထံတော်၌ နဆ်ွရာနီ ဘုန်းကြီး၏ လမ်းစဉ်မှန်သည်၊ နှစ်သက်ဖွယ်ရာဖြစ်သည်။ သို့မဟုတ်
မှော်ဆရာ၏ လမ်းစဉ်မှန်သည် နှစ်သက်ဖွယ်ရာဖြစ်သည်ကို ကျွန်ုပ် သိရတော့မည်ဟုဆိုကာ
ကျောက်ခဲတစ်လုံးကို ကောက်ပြီး ‘‘အို- အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်ထံတော်၌ အကယ်၍
နဆ်ရာနီဘုန်းကြီး၏ လမ်းစဉ်သည် မှော်ဆရာ၏ လမ်းစဉ်ထက် မှန်ကန်ပါသော်၊ နှစ်သက်ဖွယ်ရာ
ဖြစ်ပါသော်၊ လူအများ သွားလာနိုင်ရန်အလို့ငှာ ဤတိရစ္ဆာန်ကို ဤကျောက်ခဲဖြင့်
ကွပ်မျက်တော်မူပါ’’ ဟု အဓိဋ္ဌာန်ပြုကာ အဆိုပါ တိရစ္ဆာန် ကြီးကိုပစ်ပေါက်ရာ
အဆိုပါတိရစ္ဆာန်ကြီးသည် ထိမှန်သေကြေ ပျက်စီးသွားခဲ့လေသည်။
လူငယ်သည် ယင်းသည့်အဖြစ်အပျက်ကို
နဆ်ရာနီ ဘုန်းကြီးအား ပြောပြလေသည်။ ထိုအခါ နဆ်ရာနီဘုန်းကြီးက လူငယ်အား ‘‘အသင်သည်
ကျွန်ုပ်ထက်သာသည်၊ အသင်သည် မကြာမီ စမ်းသပ်ခြင်း ခံရလိမ့်မည်၊ သို့အသင်
စမ်းသပ်ခြင်းခံရသည့်အခါ ကျွန်ုပ်အား ညွှန်မပြလေနှင့်’’ ဟု မှာကြားထားလိုက်လေသည်။
ထို့နောက် လူငယ်သည် (အလ္လာဟ်အရှင်မြတ်၏
ကျေးဇူးတော်ဖြင့်) အမိဝမ်းတွင်းမှ စက္ခုအလင်း မရသောသူများ၊ ကုဋ္ဌနူနာ
စွဲကပ်နေသူများနှင့် အခြားရောဂါသည် အားလုံးတို့ကို ပျောက်ကင်း စေခဲ့လေသည်။
အကြောင်းအားလျော်စွာ ထိုအချိန်မှာပင် ဘုရင့်ထံ၌ ဝင်ထွက်သွားလာနေသော မင်းကျွမ်းဝင်
အဆွေတော် တစ်ဦးသည် မျက်စိကွယ်သွားခဲ့လေသည်။ ဘုရင့်အဆွေတော်သည် အဆိုပါ လူငယ်၏သတင်း
ကြားသိသောအခါ လူငယ်ထံသို့ လက်ဆောင်ပဏာပစ္စည်း အမြောက်အမြား ယူဆောင်လာပြီးလျှင်
‘‘ကျွန်ုပ်အား မျက်စိအလင်း ပြန်လည်ရရှိအောင် ပြုလုပ်ပေးပါ’’ ဟု မေတ္တာရပ်ခံရာ၊
လူငယ်က ‘‘ကျွန်ုပ်သည် မိမိအစွမ်းဖြင့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ
ရောဂါပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်သည် မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်သာလျှင်
ရောဂါခပ်သိမ်းကို ပျောက်ကင်းစေတော်မူပါသည်။ အကယ်၍ အသင်သည် ထိုအရှင်မြတ်အား အီမာန်
သက်ဝင်ယုံကြည်ပါက ကျွန်ုပ်သည် ထိုအရှင်မြတ်အထံတော်၌ (အသင့်အဖို့)
ဆုပန်ကြားပေးပါမည်။ ထိုအရှင်မြတ်သည် အသင့်အား မျက်စိအလင်း
ပြန်လည်ပေးတော်မူပါလိမ့်မည်’’ ဟု ဖြေကြားလေသည်။ ထိုအခါ ဘုရင့် အဆွေတော်သည်
အလ္လာဟ်အရှင်မြတ်အား အီမာန် သက်ဝင်ယုံကြည် လာခဲ့လေသည်။ လူငယ်သည်
အလ္လာဟ်အရှင်မြတ်ထံတော်၌ ဆုပန်ကြားလေရာ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့်
ဘုရင့်အဆွေတော်သည် မျက်စိအလင်း ပြန်လည်ရရှိသွားခဲ့လေသည်။
ဘုရင့်အဆွေတော်သည်
မျက်စိအလင်းရပြီးနောက် ယခင်အတိုင်း ဘုရင့်ထံ အခစားဝင်သောအခါ ဘုရင်က ‘‘အဆွေတော်၊
အသင့်အား မျက်စိအလင်း ပြန်လည်ရရှိအောင် အသူပြုလုပ်ပေးပါသနည်း’’ ဟု မေးရာ အဆွေတော်က
‘‘ကျွန်တော်မျိုးအား ကျွန်တော်မျိုး၏ အရှင်သခင်က မျက်စိအလင်းကို ပြန်လည်
ပေးသနားတော်မူပါသည်’’ ဟု လျှောက်ထားလေသည်။ ထိုအခါ ဘုရင်က ‘‘ငါလော’’ ဟု မေးရာ၊
အဆွေတော်က ‘‘မဟုတ်ပါ’’ ဟု လျှောက်ထားလေသည်။ ဘုရင်က ‘‘အသင်၌ ငါမှတစ်ပါး
အခြားအရှင်သခင် ရှိပါသေးသလော’’ ဟု မေးရာ အဆွေတော်က ‘‘အမှန်မှာ ကျွန်တော်မျိုး၏
အရှင်သခင်နှင့် ဘုရင်မင်းမြတ်၏ အရှင်သခင်မှာ အလ္လာဟ်အရှင်မြတ်သာလျှင်
ဖြစ်တော်မူပါသည်’’ ဟု လျှောက်ထားလေသည်။ ထိုအခါ ဘုရင်သည် အဆွေတော်အား အမြဲတစေ
ဒုက္ခပေးနေရန် အမိန့်ချမှတ်လိုက်လေသည်။ နောက်ဆုံးတွင် အဆွေတော်သည် ဖြစ်ရပ်မှန်ကို
လျှောက်ထား၍ လူငယ်အား ညွှန်ပြလိုက်လေသည်။
ဘုရင်သည် လူငယ်အား ဆင့်ခေါ်ပြီးလျှင်
‘‘အသင် လုလင်၊ အသင်သည် မိမိ၏ စုန်းပယောဂ အတတ်ဖြင့် မျက်စိအလင်း မရသူများ၊ ကုဋ္ဌနူနာ
စွဲကပ်နေသူများနှင့် အခြားရောဂါသည်များကို ပျောက်ကင်း စေနိုင်ကြောင်း ငါသိရသည်’’
ဟု မေးရာ၊ လူငယ်က ‘‘ကျွန်တော်မျိုးသည် မည်သူတစ်ဦး တစ်ယောက်ကိုမျှ မိမိ၏ အစွမ်းဖြင့်
ရောဂါပျောက်ကင်း စေနိုင်သည် မဟုတ်ပါ၊ အလ္လာဟ်အရှင်မြတ်သာလျှင် ပျောက်ကင်းစေတော်
မူနိုင်ပါသည်’’ ဟု လျှောက်ထားလေသည်။ ဘုရင်က ‘‘အသင်၌ ငါမှတစ်ပါး အခြားအရှင်သခင်
ရှိပါသေးသလော’’ ဟု မေးရာ၊ လူငယ်က ‘‘အမှန်မှာ ကျွန်တော်မျိုး၏ အရှင်သခင်မှာ
အလ္လာဟ်အရှင်မြတ်သာလျှင် ဖြစ်တော် မူပါသည်’’ ဟု လျှောက်ထားလေသည်။ ထိုအခါ ဘုရင်သည်
လူငယ်အား စတင်ဒုက္ခပေးရန် အမိန့်တော် ချမှတ်လိုက်လေသည်။ နောက်ဆုံးတွင် လူငယ်သည်
ဖြစ်ရပ်မှန်ကို လျှောက်ထား၍ နဆ်ွရာနီ ဘုန်းကြီးအား ညွှန်ပြလိုက်လေသည်။
ဘုရင်သည် ခရစ်ယာန်ဘုန်းကြီးအား
ဆင့်ခေါ်ပြီးလျှင် ‘‘အသင်သည် မိမိ၏ဘာသာ အယူဝါဒကို စွန့်လွှတ်ပါလေ’’ ဟု အမိန့်ပေးရာ၊
နဆ်ွရာနီဘုန်းကြီးသည် လက်မခံ ငြင်းဆန်လေသည်။ ထိုအခါ ဘုရင်သည် နဆ်ွရာနီဘုန်းကြီးအား
ဦးခေါင်းပေါ်တွင် လွှတင်၍ တိုက်ဆွဲစေရာ နဆ်ွရာနီဘုန်းကြီးသည် ဦးခေါင်း နှစ်ခြမ်း
ထက်အက်ကွဲ၍ သေဆုံးသွားခဲ့ရလေသည်။
ထို့နောက် ဘုရင်သည် မျက်စိအလင်း
ပြန်လည်ရရှိသွားသော အဆွေတော်အား ဆင့်ခေါ်၍ ‘‘အသင်သည် မိမိဘာသာ အယူဝါဒကို
စွန့်လွှတ်ပါလေ’’ ဟု အမိန့်ပေးပြန်ရာ၊ အဆွေတော်သည်လည်း မနာခံ ငြင်းဆန်လေသည်။ ထိုအခါ
ဘုရင်သည် အဆွေတော်အားလည်း ဦးခေါင်းပေါ်တွင် လွှတင်၍ တိုက်ဆွဲစေရာ အဆွေတော်လည်း
ဦးခေါင်းနှစ်ခြမ်းကွဲ၍ သေဆုံးသွားခဲ့ရရှာလေသည်။
ထို့နောက်တစ်ဖန် ဘုရင်သည် လူငယ်အား
ဆင့်ခေါ်ပြီးလျှင် ‘‘အသင်သည် မိမိ၏ ဘာသာအယူဝါဒကို စွန့်လွှတ်ပါလေ’’ ဟု အမိန့်ပေးရာ၊
လူငယ်သည်လည်း အမိန့်မနာခံ ငြင်းဆန်လေသည်။ ထိုအခါ ဘုရင်သည် လူငယ်အား တောင်ထိပ်သို့
ခေါ်ဆောင်စေ၍ တောင်ထိပ်သို့ရောက်သောအခါ လူငယ်သည် မိမိ၏ဘာသာ အယူဝါဒကို မစွန့်လွှတ်ဘဲ
အမိန့်မနာခံ ငြင်းဆန်နေပါက လူငယ်အား တောင်ထိပ်မှ တွန်းချကွပ်မျက်ရန်
အာဏာသားတို့အား စေခိုင်းလိုက်လေသည်။ တောင်ထိပ်သို့ ရောက်ကြသောအခါ လူငယ်က
‘‘အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအလိုတော် ရှိတော်မူသည့်အတိုင်း
ဤသူများ၏ ဘေးရန်မှ ကာကွယ်တော်မူပါ’’ ဟု ပန်ကြားရာ၊ တောင်ကြီးသည် လှုပ်ရှားလာ၏။
ထို့နောက် အာဏာသားတို့သည် တောင်ပိ၍ သေကြေပျက်စီးသွားခဲ့ကြလေသည်။ လူငယ်မှာကား
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် ခလုတ်မထိ ဆူးမငြိဘဲ ကျန်းမာချမ်းသာစွာ
ဘုရင့်ထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ဖြစ်ကြောင်းကုန်စင် လျှောက်ထားလေသည်။
ထိုအခါ ဘုရင်သည် လူငယ်အား သင်္ဘောဖြင့် တင်ဆောင်စေပြီး သမုဒ္ဒရာအတွင်းသို့
ရောက်သောအခါ လူငယ်သည် မိမိ၏ ဘာသာ အယူဝါဒကို မစွန့်လွှတ်ပါက သမုဒ္ဒရာတွင်
နှစ်မြှုပ်ကွပ်မျက်ရန် အခြားအာဏာသားတို့အား စေခိုင်းပြန်၏။ သမုဒ္ဒရာအတွင်းသို့
ရောက်ကြသောအခါ လူငယ်သည် ယခင်အတိုင်း အလ္လာဟ်အရှင်မြတ် ထံတော်၌ ဆုပန်ကြားလေရာ
အာဏာသားအားလုံးတို့သည် ရေဘေးသင့်ပြီး သေကြေပျက်စီး ခဲ့ကြလေသည်။ လူငယ်မှာကား
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် ဘုရင့်ထံသို့ ကျန်းမာချမ်းသာစွာ
ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ဖြစ်ကြောင်းကုန်စင် လျှောက်ထားလေသည်။
ထို့နောက် လူငယ်က ‘‘ဘုရင်မင်းမြတ်၊
ဘုရင်မင်းမြတ်သည် ကျွန်တော်မျိုးအား မည်သို့မျှ ကွပ်မျက်တော်မူနိုင်သည် မဟုတ်ပါ၊
ဘုရင်မင်းမြတ်သည် ကျွန်တော်မျိုးအား ကွပ်မျက်တော်မူလိုပါက ကျွန်တော်မျိုး
ညွှန်ပြသည့်အတိုင်း လိုက်နာကျင့်မူရမည်သာ ဖြစ်ပါသည်။ သို့မဟုတ်ပါက
ကျွန်တော်မျိုးအား ကွပ်မျက်တော် မူနိုင်မည် မဟုတ်ပါ’’ ဟု လျှောက်ထားလေသည်။ ဘုရင်က
‘‘အသင် ညွှန်ပြလိုသော အချက်ကား အသို့ပါနည်း’’ ဟုမေးရာ၊ လူငယ်က ‘‘ဘုရင်မင်းမြတ်သည်
တိုင်းသူပြည်သား လူအများအား ကွင်းပြင်ကြီး တစ်ခုလုံးတွင် စုရုံးစေတော်မူပါ၊ ကျွန်တော်မျိုးအား
စွန်ပလွံပင်ပေါ်တွင် ကားစင်တင်တော်မူပါ၊ ပြီးနောက် ကျွန်တော်မျိုး၏ မြှားအိပ်မှ
မြှားတစ်ချောင်း ယူတော်မူပါ၊ ထို့နောက် ကျွန်တော်မျိုး ဆည်းကပ်ကိုးကွယ်သော
အလ္လာဟ်အရှင်မြတ်၏ နာမတော်ကိုတ,သ၍ ကျွန်တော်မျိုးအား ပစ်တော်မူပါ’’ ဟု ညွှန်ပြလေသည်။
ဘုရင်သည် လူငယ် ညွှန်ပြသည့်အတိုင်း လိုက်နာကျင့်မူ၍ လူငယ်အား တိုင်းသူပြည်သား
ရှေ့မှောက်တွင် ကားစင်ပေါ်တင်၍ လူငယ်၏ မြှားအိပ်ထဲမှ မြှားတစ်ချောင်းယူ၍
လူငယ်ဆည်းကပ်ကိုးကွယ်သော အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို တ,သကာ ပစ်လိုက်ရာ လူငယ်သည်
သေဆုံးသွားခဲ့ရှာလေသည်။ ထိုသည့် အခြင်းအရာကို တွေ့မြင်ကြရသောအခါ (လူငယ်၏
ဘာသာအယူဝါဒ မှန်ကန်ကြောင်း သိရှိသွားကြပြီး) တိုင်းသူပြည်သား လူအများတို့က
‘‘ကျွန်တော်မျိုးသည် လူငယ် ဆည်းကပ်ကိုးကွယ်သော အလ္လာဟ်အရှင်မြတ်အား အီမာန်
သက်ဝင်ယုံကြည်ကြပါပြီ’’ ဟု တစ်ခဲနက် မြွက်ဆိုကြလေတော့သည်။
ထိုအခါ မှူးမတ်များက ဘုရင်အား ‘‘ဘုရင်မင်းမြတ်၊
ဘုရင်မင်းမြတ် စိုးရိမ်တော်မူသော အရာသည်ပင် ဖြစ်ပေါ်လာချေပြီ။ ယခု တိုင်းသူပြည်သား
လူအများတို့သည် လူငယ် ဆည်းကပ်ကိုးကွယ်သော အလ္လာဟ်အရှင်မြတ်အား အီမာန်
သက်ဝင်ယုံကြည်ကုန် ကြပါပြီ’’ဟု လျှောက်ထားကြရာ၊ ဘုရင်သည် (ဒေါသအမျက်
ချောင်းချောင်း ထွက်ကာ) ကျင်းကြီးကျင်းငယ်များ တူးစေ၍ မီးအကြီးအကျယ်
လောင်ကျွမ်းစေပြီး အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်သူ အားလုံးတို့ကို
ရင်နင့်ဖွယ်ရာ ရက်စက်စွာ မီးတိုက်စေခဲ့လေသည်။ အီမာန် သက်ဝင်ယုံကြည်သူ
အားလုံးတို့သည်လည်း အလ္လာဟ်အရှင်မြတ်အား အီမာန် သက်ဝင်ယုံကြည်သောအားဖြင့်
မကြောက်မရွံ့ နောက်မတွန့်ဘဲ မီးကျင်းများ အတွင်းသို့ ဆင်းသွားခဲ့ကြလေသည်။
နောက်ဆုံးတွင် မိမိ၏ ကလေးကို နို့တိုက်လျက် သားသည်အမေ အမျိုးသမီးတစ်ဦးလည်း
ရောက်ရှိလာခဲ့၏။ သားသည်အမေသည် ကလေး၏ သံယောဇဉ်ကြီးစွာ ငြိတွယ်လျက်ရှိသည့်အတွက်
မီးတွင်းဆင်းရန် အနည်းငယ် တွန့်ဆုတ်မိ၏။ ထိုအခါ ရင်ခွင်ဝယ်ရှိ သားငယ်က ‘‘မေမေ၊
မတွန့်ဆုတ်ပါနှင့်၊ မကြောက်ပါနှင့်၊ မေမေသည် မှန်ကန်သော ဘာသာအယူဝါဒ အပေါ်တွင်
ရပ်တည်လျက် ရှိပါသည်။ ရဲဝံ့စွာ မီးတွင်းသို့ဆင်းပါ’’ ဟု ပြောဆိုလိုက်လေသည်။ (အိဗ်နုကဆီရ်၊အ-၄၊စ-၄၉၃)
[4] အဆိုပါ ဘုရင်သည် အီမာန် သက်ဝင်ယုံကြည်သော မုအ်မင်န်တို့အား
ရက်စက်စွာ မီးတိုက်ခဲ့သည်သာမက မိမိ၏မှူးမတ်များနှင့်တကွ မီးတွင်းများ
အနီးတွင်ထိုင်၍ မရှုမလှ မီးလောင်ကျွမ်းနေသော မုအ်မင်န်တို့အား ပွဲကြည့်၍ပင်
နေခဲ့ကြပေသည်။ အနည်းငယ် စိုးစဉ်းမျှပင် မစာနာခဲ့ကြပေ၊ မထောက်ထားခဲ့ကြပေ၊
မသနားခဲ့ကြပေ။ ဤကား ကမ်းကုန်အောင် ရက်စက် ကြမ်းကြုတ်ခြင်းပင်။
[5] ယင်းသို့ မီးလောင်တိုက် အသွင်းခံကြရရှာသော မုအ်မင်န်တို့၌
အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင် ယုံကြည်ကြသည်မှ တစ်ပါး အခြားတစ်စုံတစ်ရာ အပြစ်မရှိပေ။
ထိုအရှင်မြတ်သည် မဟာတန်ခိုးတော်နှင့် ပြည့်စုံတော်မူပေသည်။ ချီးမွမ်းထောပနာခြင်း
အပေါင်းကို ခံယူထိုက်တော်မူပေသည်။ မိုးမြေစသည့် စကြဝဠာအဝန်းကို
စိုးပိုင်တော်မူသည်၊ အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ သိမြင်တော်မူသည်။ ယင်းသို့
မဟာတန်ခိုးတော်၊ မဟာဉာဏ်တော်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်အား အီမာန်
သက်ဝင် ယုံကြည်ရမည်သာ၊ ဆည်းကပ်ကိုးကွယ်ရမည်သာ၊ ထိုသို့သော အလ္လာဟ်အရှင်မြတ်၏
အမိန့်ပညတ် အရပ်ရပ်ကို မြေဝယ်မကျ နာခံရမည်သာ။ သို့ပါလျက် ယင်း ဘုရင်နှင့်
မှူးမတ်တို့သည် ထိုသို့သော အရှင်သခင်အား အီမာန် သက်ဝင်ယုံကြည်သည်ကိုပင်
အကြောင်းပြု၍ မုအ်မင်န်တို့အား အရေးယူခဲ့ကြပေသည်။ ရက်စက်စွာ မီးလောင်တိုက်
သွင်းခဲ့ကြပေသည်။
သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည်
မိမိအား ယုံကြည်သူများကို ယင်းသို့ ယုံကြည်သည်ကိုပင် ဗွေယူကာ မီးလောင်တိုက်
သွင်းခဲ့သူများကို အသို့လျှင် လျစ်လျူရှု ထားတော်မူအံ့နည်း။ ထိုအရှင်မြတ်သည်
၎င်းတို့အား ၎င်းတို့နှင့် ထိုက်တန်သည့် ကြီးလေးသော ပြစ်ဒဏ်မုချ ခတ်တော်မူမည်သာတည်း။
[6] အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်သည် ‘‘အတ်ဆ်ွဟာဗွလ် အွခ်ဒူးဒ်’’
နှင့်သာ ပတ်သက်သည်မဟုတ်၊ မည်သူမဆို အီမာန် သက်ဝင်ယုံကြည်သော မုအ်မင်န်တို့အား
အစ္စလာမ်၏ အမှန်တရားမှ ဖဲကြဉ်ထွက်ခွာ သွားစေရန်အတွက် နှိပ်စက်ညှဉ်းပန်းကြလျှင်၊
(ဥပမာ မက္ကာမြို့သား ကာဖိရ်များသည် ဤသည့်သဘောဖြင့် မုအ်မင်န်တို့အား အမျိုးမျိုး
နှိပ်စက်ညှဉ်းပန်းလျက် ရှိခဲ့ကြသည်)။ ထို့နောက် အချိန်မီ သတိသံဝေဂ နောင်တမရကြလျှင်
ထိုသို့သောသူ အားလုံးတို့သည် (လူမျိုးမရွေး၊ ဘာသာမရွေး၊ ခေတ်မရွေး) ကြီးသော
ငရဲပြစ်ဒဏ်နှင့် အထူးသဖြင့် ငရဲမီး လောင်ကျွမ်းခြင်းဒဏ်ကို
အမှန်ခံစားကြရမည်သာတည်း။
No comments:
Post a Comment