اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Tuesday, January 15, 2013

ဒါလေးတွေသိပြီးပြီလား - ( ၁၅ )


 အမဲစက်နဲ့ ၀က်ခြံတင်းတိပ်များ ကင်းစင်ပြီး ဖြူဝင်းလှပ ညက်ညောတဲ့ မျက်နှာပိုင်ရှင်လေးတွေဖြစ်စေဖို့အတွက် သဘာဝရဲ့ သစ်ဥသစ်ဖု တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

သစ်ဥသစ်ဖုလို့ဆိုရင် မြန်မာ့ရိုးရာသနပ်ခါးက သဘာဝဆေးဖက်ဝင် သစ်ဥသစ်ဖု တစ်မျိုးဖြစ်တယ်ဆိုတာ မြန်မာလူမျိုးတွေဖြစ်တဲ့ ပျိုမေတို့ကို အထူးပြောပြနေဖို့ မလိုပါဘူး။ အသားအရေ လှပချောမွေ့ဖို့အတွက်ဆိုရင် သနပ်ခါးအပါအ၀င် သွေးလိမ်းရတဲ့ သစ်ဥသစ်ဖုတွေက ပျိုမေတို့ရဲ့ ချစ်စရာ့ မြန်မာပြည်ကြီးမှာ အများကြီးရှိပါတယ်။ ဒါကလဲ ပျိုမေတို့အတွက် အလ္လာဟ်အရှင်မြတ်ဘက်က ချီးမြှင့်ထားတဲ့ နိအ်မသ် စည်းစိမ်တွေထဲက တစ်ခုပါဘဲ။

အဲ့ဒီအထဲကမှ ဆေးမြစ်တစ်မျိုးဖြစ်တဲ့ ကျားလျှာ (သို့မဟုတ်) ငှက်ကျီးတောင် လို့ခေါ်တဲ့ ဆေးမြစ်တစ်ခုပါ။ အချို့နေရာမှာ ကျားလျှာလို့ခေါ်ပြီး၊ တစ်ချို့နေရာတွေမှာတော့ ငှက်ကျီးတောင်မြစ်လို့လည်းခေါ်ကြတယ်။ ကျားရဲ့ လျှာလိုမျိုး ရှည်ရှည်ကြီးဖြစ်ပြီး အကွက်အကွက်တွေလဲ ပါတော့ ငှက်ကျီးတောင် လို့ ခေါ်ကြတယ် ထင်ပါတယ်။ မြန်မာပြည်မှာတော့ နီးစပ်ရာ ဘယဆေးဆိုင်တွေမှာ အလွယ်တကူ ၀ယ်လို့ရနိုင်ပါတယ်။

သူ့ကို ဘယ်လို လိမ်းရမလဲဆိုတော့ သနပ်ခါးမသွေးခင်မှာ နည်းနည်းသွေးပြီး ထည့်လိမ်းမယ်ဆိုရင် သနပ်ခါးလေးက ၀ါဝါညက်ညက်လေးဖြစ်ပြီး အရမ်းကြည့်လို့ကောင်းပါတယ်။ တကယ်လို့ သနပ်ခါးနဲ့ ရောမလိမ်းပဲ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက်ဖြစ်လို့ အိမ်မှာ နားနေတဲ့အခါ သူ့ချည်းပဲ လိမ်းထားမယ်ဆိုရင်လဲ မျက်နှာအနှံ့မှာ ဆေးအဖြစ် လိမ်းထားနိုင်ပါတယ်။

အောက်ခံမိတ်ကပ်၊ ရှင်မတောင်သနပ်ခါး၊ သီးခေါက်(သီးသီးအပင်ရဲ့အခေါက်)များနဲ့ ရောလိမ်းမယ်ဆိုရင်လဲ လိမ်းလို့ရပါတယ်။ အရမ်းကိုလည်း ကြည့်လို့ကောင်းပါတယ်။ မျက်နှာလေး ၀င်းမွတ်ပြီးတော့ တကယ့်ကို မြန်မာဆန်ဆန်လေးနဲ့ ချစ်စရာကောင်းနေမှာ အသေအချာပါဘဲ။

အစီအစဉ်တင်ဆက်သူ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ခုရဲ့ ဘယဆေးဆိုင်တစ်ဆိုင်မှာ ဆေးမြစ်လေးကို ကဗျာစာသားလေးနဲ့ တွဲပြီး ရောင်းတာကို အမှတ်တမဲ့တွေ့လိုက်ရတော့ သဘောကျမိတယ်။ ကဗျာရဲ့ “လိမ်းလေ လှလေ မိန်းမတွေ” ဆိုတဲ့ အဆုံးစာသားလေးကိုတော့ အလွတ်ရသေးတယ်။ တကယ်ကို လက်တွေ့ဖြစ်လို့ ပျိုမေတို့ကိုလဲ ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ပတ်ရဲ့ ပျိုမေမွတ်စ်လင်မ်ကဏ္ဍကို ကျေနပ်နှစ်သက်ကြမယ်လို့ထင်ပါတယ်။ နောက်တစ်ပတ်မှာလည်း ပျိုမေတို့အတွက် ဗဟုသုတဖြစ်စေပြီး စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကို ဒီထက်ပိုမိုကောင်းမွန်အောင် တင်ဆက်ပေးသွားမယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေနော်။

အားလုံးပဲ အရှင့်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း၊ ကျန်းမာပျော်ရွှင်လှပမှုအပေါင်း အစဉ် ခညောင်းကြပါစေ။ (အာမီးန်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts