မိုဟရ်ရမ်လ၊ အာရှူရာနေ့ ရက်မြတ်အကြောင်း နှင့် ရှောင်ကြဉ်အပ်သော လုပ်ရပ်များ
မုဟရ်ရမ်လမြတ်သည် အစ္စလာမ်သာသနာတော်၏ နှစ်ဆန်းလဖြစ်သည်။ အစ္စလာမ့် နှစ်သစ်ဆန်းလ ရောက်တိုင်း တမန်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ ကိုယ်တော်မြတ်၏ သာသနာ့ကြိုးပမ်းမှု၊ အစ္စလာမ့်အတွက် စွန့်လွှတ်ပေးဆပ်မှုတို့အပြင် ကိုယ်တော်မြတ်ကြီး ရယူခဲ့တော်မူသော အောင်မြင်မှုတို့ကိုပါ သတိရစေပါသည်။တမန်တော် အီဗ်ရာဟီးမ် عَلَيْهِ السَّلَا مُ သခင်၏ ခေတ်အခါက ရိုသေမြတ်နိုးအပ်သော လများအဖြစ် (၁) မုဟရ်ရမ်၊ (၂) ရဂျဗ်၊ (၃) ဇူလ်ကအ်ဒဟ်၊ (၄) ဇူလ်ဟဂ်ျဂျဟ်လ များအား သတ်မှတ်ခဲ့ပါသည်။ ထို့ကြောင့် ကိုယ်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ မပွင့်ပေါ်မီ အာရေဗျနိုင်ငံ၏ (တရားမဲ့အရိုင်းခေတ်က) အလေ့အထတစ်ခုအဖြစ် အာရဗ်လူမျိုးများသည် အဆိုပါ လေးလအား အေးချမ်းစွာ နေထိုင်ကြသည့်ကာလအဖြစ် သတ်မှတ်ခဲ့ကြပေသည်။
မုဟရ်ရမ်လမြတ်ဟူသည့် အရဗီစကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဂုဏ်သိက္ခာရှိသောနှင့် အရိုအသေပေးခံရသော လမြတ်ဟူ၍ပင် ဖြစ်ပေသည်။
{ عَاشُوْرَا } အာရှူရာနေ့မြတ်
အစ္စလာမ့်နှစ်၏ နှစ်ဆန်း (၁၀) ရက်သည် အာရှူရာနေ့ ဖြစ်ပေသည်။ တစ်နည်းဆိုရသော် အစ္စလာမ့်ပြက္ခဒိန်၏ ပထမဆုံးသောလဖြစ်သည့် မုဟရ်ရမ်လ (၁၀) ရက်နေ့ကို အာရှူရာနေ့ဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။ အာရှူရာနေ့သည် မုဟရ်ရမ်လ (၁၀) ရက်နေ့ ဖြစ်သည်။ (မစ်ရှ်ကာကျမ်း နှင့် ဗိုင်ဟကီကျမ်း)အာရှူရာ၏ မူရင်းအမည်မှာ عَاشَنُوْرَا ဟူ၍ ဖြစ်ပြီး အလိုသဘောမှာ ထိုနေ့ကို လေးစားတန်ဖိုးထားသူအတွက် ထူးခြားသော နူရ်စည်းစိမ်ကို ခံစားရပေမည်ဟူ၍ ဖြစ်သည်။ ယင်းစကားလုံးကို လွယ်ကူလှပစေရန် عَاشُوْرَا ဟူ၍ ပြောင်းလဲခေါ်ဝေါလာရခြင်း ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သာလျှင် အသိဆုံး ဖြစ်ပေမည်။ (နဇ်သွလ်မဂျာလစ်ကျမ်း)
အာရှူရာနေ့ ရိုဇာ၏ ထူးမြတ်မှု
ကိုယ်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ ၏ ခေတ်အခါသမယ အစောပိုင်းအချိန်က ရမ္မဿွာန်လမြတ်တွင် ရိုဇာစောင့်ထိန်းရန် မသတ်မှတ်သေးမီ အာရှူရာနေ့တွင် ရိုဇာထားခြင်းအား ဖရဇ်အဖြစ် သတ်မှတ်ခဲ့ကြောင်း ခွသ်ဗာအဟ်ကမ်ကျမ်းရှင်က ဖော်ပြထားသည်။ရမ်ဿွာန်လ၏နောက် ရိုဇာဟ်ဥပုသ် စောင့်ထိန်းမှုများအနက် အမွန်မြတ်ဆုံးသော ရိုဇာဟ်ထားခြင်းမှာ အာရှူရာနေ့တွင် ရိုဇာဟ်ထားခြင်း ဖြစ်ပါသည်။ (မွတ်စ်လင်မ်ကျမ်း)
အာရှူရာနေ့တွင် ရိုဇာဟ် ၂ ရက် စောင့်ထိန်းကြပါကုန်။ အာရှူရာနေ့ အပါအ၀င် တစ်ရက်ကြိုတင်၍ဖြစ်စေ။ သို့မဟုတ် တစ်ရက် နောက်ကျ၍ဖြစ်စေ ရိုဇာဟ် စောင့်ထိန်းကြပါကုန်ဟု မိန့်ထားလေသည်။ (အဟ်မဒ်ကျမ်း နှင့် ဗီဇာရ်ကျမ်း)
အာရှူရာနေ့၏ ရိုဇာဟ်သည် ကုန်လွန်ခဲ့သော တစ်နှစ်အတွင်း ကျူးလွန်ခဲ့သော သေးငယ်သည့် အပြစ်ဂိုနာဟ်များကို ပပျောက်စေသည်ဟူ၍ ငါကိုယ်တော် မျှော်ကိုး၏ဟု မိန့်ထားလေသည်။ (မွတ်စ်လင်မ်ကျမ်း)
အကြင်သူသည် အာရှူရာနေ့၌ မိမိ၏ အိမ်သူအိမ်သားများအတွက် စားသောက်မှုတွင် ချောင်ချိစွာ သုံးစွဲခဲ့သည်ရှိသော် အသျှင်မြတ်သည် ထိုသူအတွက် တစ်နှစ်ပတ်လုံး ချောင်ချိမှုကို ပေးအံ့ဟု မိန့်တော်မူထားလေသည်။ (မစ်ရှ်ကာသ်ကျမ်း နှင့် ဗိုင်ဟကီကျမ်း)
အာရှူရာနေ့၏ အတိတ်နှင့် အနာဂတ် သမိုင်းမှတ်တမ်း
အတိတ်ကာလ ကမ္ဘာဦးမှစတင်သည့် အစ္စလာမ့်ရာဇ၀င်သမိုင်း တလျှောက်အတွင်း အာရှူရာနေ့တွင် ထူးခြားသည့် စိတ်ဝင်စားဖွယ်ရာကောင်းသော အဖြစ်အပျက်များ ရှိခဲ့ကြောင်း အချို့သော သာသနာ့ပညာရှင်များက ထောက်ပြကြပေသည်။အာရှူရာဟ်နေ့တွင်...
- တမန်တော်ကြီး အာဒမ် عَلَيْهِ السَّلَا مُ ၏ (သောင်ဝ်ဗဟ်) အမှားဝန်ချ၍ ခွင့်လွှတ်မှုတောင်းခံခြင်းကို အလ္လာဟ်အရှင်မြတ်က (ကဗူလ်) လက်ခံတော်မူခဲ့သည်။
- တမန်တော်ကြီး အီဒ်ရီးစ် عَلَيْهِ السَّلَا مُ ကို မိုးကောင်းကင်ပေါ်သို့ ဆောင်ယူတော်မူခြင်း ခံခဲ့ရသည်။
- တမန်တော်ကြီး နူးဟ် عَلَيْهِ السَّلَا مُ ၏ လှေသည် ကြောက်မက်ဖွယ် မုန်တိုင်းကြီးဒဏ်မှ လွတ်မြောက်၍ ဂျူဒီတောင်ထိပ်ပေါ်၌ ဆိုက်ကပ်နိုင်ခဲ့ပေသည်။
- တမန်တော်ကြီး အီဗ္ဗရာဟီးမ် عَلَيْهِ السَّلَا مُ ကို အရှင်မြတ်က ခလီလွလ္လာဟ်ဘွဲ့ကို ချီးမြှင့်တော်မူခဲ့ပြီး၊ ကျရောက်နေသည့် မီးပုံကြီးအား အေးချမ်းသော ဥယျာဉ်အဖြစ် ဖန်ဆင်းပေးတော်မူခဲ့ပေသည်။
- တမန်တော်ကြီး မူဆာ عَلَيْهِ السَّلَا مُ နှင့် ဗနီအစ္စရာအီလ် အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်က ဖစ်ရ်အောင်န်၏ ရန်အသွယ်သွယ်မှ လွတ်မြောက်စေခဲ့၏။
- တမန်တော်ကြီး ဆိုလိုင်မာန် عَلَيْهِ السَّلَا مُ အား လောကတစ်ခွင်၏ အုပ်ချုပ်မှုအာဏာကို ပြန်လည်ပေးအပ်တော်မူခဲ့ပေသည်။
- တမန်တော်ကြီး အိုက်ယူးဗ် عَلَيْهِ السَّلَا مُ သည် ပြင်းထန်သော ရောဂါများဖြင့် စမ်းသပ်ခံရခြင်းမှ လွန်မြောက်၍ ပျောက်ကင်းသက်သာမှုကို ရရှိခဲ့ပေသည်။
- တမန်တော်ကြီး ယူနွတ်စ် عَلَيْهِ السَّلَا مُ သည် ငါး၏ ၀မ်းဗိုက်အတွင်း ရက်ပေါင်း (၄၀) မြိုစားခြင်း ခံနေရခြင်းမှ လွတ်မြောက်ခွင့်ကို ရရှိခဲ့ပေသည်။
- တမန်တော်ကြီး ယူစွတ်ဖ် عَلَيْهِ السَّلَا مُ သည် ကာလအတန်ကြာ ကွဲကွာနေရသည့် ဖခမည်းတော် တမန်တော်ကြီး ယအ်ကူးဗ် عَلَيْهِ السَّلَا مُ နှင့် ပြန်လည် ဆုံစည်းခွင့်ကို ရရှိခဲ့ပေသည်။
- တမန်တော်ကြီး အီဆာ عَلَيْهِ السَّلَا مُ အား ဖွားမြင်ခဲ့ပြီး၊ ယဟူဒီတို့၏ ရန်မှ လွတ်မြောက်ကာ မိုးကောင်းကင်ပေါ်သို့ ဆောင်ယူတော်မူခြင်း ခံခဲ့ရသည်။
အထက်ပါ တမန်တော်ကြီး ဆယ်ပါး၏ ထူးခြားသော အဖြစ်အပျက်များသည် အာရှူရာနေ့တွင် ပေါ်ပေါက်ခဲ့ခြင်းကြောင့် မိမိတို့၏ အထက်ပါကဲ့သို့သော ခက်ခဲ ကြပ်တည်းသည့် ဘေးဒုက္ခ အခက်အခဲ အန္တရာယ်များကိုလည်း လွတ်ကင်းရန် မျှော်ကိုး၍ အရှင်မြတ်ထံတွင် တောင်းဆုပြုသင့်ကြောင်း ယုံကြည်ကြသူများလည်း ရှိကြပေသည်။
အထက်ပါ ထူးခြားသည့် သမိုင်းမှတ်တမ်းများအပြင် အခြားသော အမှတ်တရများလည်း ရှိခဲ့ပေသည်။
အာရှူရာနေ့တွင်...
- အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် မြေပထ၀ီကို စတင်ဖန်ဆင်းခဲ့ပေသည်။
- ကလောင်ကို စတင်ဖန်ဆင်းခဲ့သည်။ (တစ်နည်းဆိုသော် အစ္စလာမ့် မီဒီယာကို ဖန်ဆင်းခဲ့ပေသည်။)
- တမန်တော်ကြီး ဘာဘာအာဒမ်နှင့် မိခင်ကြီး မာမာ ဟောင်ဝါသခင်မတို့ကို ဖန်ဆင်းခဲ့သည်။
- (ကိယာမသ်) ကမ္ဘာလောကကြီး ပျက်သုန်းရမည် ဖြစ်ပေသည်။
- တမန်တော် မူဆာ عَلَيْهِ السَّلَا مُ အပေါ် သောင်ရားသ်ကျမ်း ကျရောက်ခဲ့သည်။
- တမန်တော် အစ္စမာအီးလ် عَلَيْهِ السَّلَا مُ အား ဖွားမြင်တော်မူခဲ့ပေသည်။
- တမန်တော် ယူစွတ်ဖ် عَلَيْهِ السَّلَا مُ သည် အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ရုံမကသေးဘဲ မစ္စရ် (အီဂျစ်နိုင်ငံဟောင်း) ၏ အုပ်ချုပ်မှု ဘုရင့်အာဏာကို ရရှိခဲ့သည်။
- လောကကြီးအတွင်း ပထမဦးဆုံးအကြိမ် (ရဟ်မသ်) မိုး ရွာသွန်းခဲ့ပေသည်။
- တမန်တော်မြတ် عَلَيْهِ السَّلَا مُ သခင်သည် ခတီဂျာသခင်မနှင့် နိကာဟ်ပြုခဲ့ပေသည်။
- အဘူလူလူးဟူသော မဂျူစီ (မီးကိုးကွယ်သူ) က တမန်တော် عَلَيْهِ السَّلَا مُ နမာဇ်ဖတ်သည့် (မိုဆွလ္လာ) အခင်းပေါ်၌ ဖွာရူးကေအအ်ဇမ်အား ဓားဖြင့်ထိုးခဲ့ရာ ထိုဒဏ်ရာဖြင့် ရှဟီးဒ်ဖြစ်တော်မူခဲ့သည်။
- ယုတ်မာသူတို့က တမန်တော် عَلَيْهِ السَّلَا مُ ၏ မြေးတော် ဖွာသေမာဟ်သခင်မ၏ အသဲနှလုံး (သားတော်) ကို ရှဟီးဒ် လုပ်ခဲ့ကြသည်။
- ကိုရိုင်ရှ်တို့သည် ကအ်ဗာကျောင်းတော်ကြီးအပေါ် ဂေလားဖ် (ခြုံထည်လွှာ) ကို စတင်လွှမ်းခြုံ ဖုံးအုပ်လေသည်။
- တမန်တော် ယူနွတ်စ် عَلَيْهِ السَّلَا مُ အမျိုးသားတို့၏ (သောင်ဝ်ဗဟ်) အမှားဝန်ချကာ ခွင့်လွှတ်မှုတောင်းခံခြင်းကို လက်ခံတော်မူ၍ ၎င်းတို့အပေါ် ချမှတ်မည့် အဇားဗ်ပြစ်ဒဏ်မှ လွတ်ကင်းခွင့် ရရှိလေသည်။
- ထိုနေ့မှာပင် သဗ်လီးဂ်ဂျမာအသ်မှ အကြီးအကဲတစ်ပါးဖြစ်သော ဟဇရသ်ကြီး မောင်ဝ်လာနာ အင်န်အာမွလ်ဟစန် عَلَيْهِ السَّلَا مُ ကွယ်လွန်ခဲ့လေသည်။
အာရှူရာနေ့တွင် ရှောင်ကြဉ်ရမည့် လုပ်ရပ်များ
အာရှူရာနေ့အား ဖြတ်သန်းရာတွင် အချို့ဘာသာဝင်များကဲ့သို့ လွဲမှားသော လမ်းစဉ်များကို မပြုလုပ်မိကြစေရန် အောက်ပါအချက်များကို အထူးရှောင်ကြဉ်ကြရန် အရေးကြီးလှပေသည်။- သာသနာတော်မှ ခွင့်မပြုသည့် တီးမှုတ် ကခုန် သောက်စား မူးယစ်သည့် ပျော်ပွဲရွှင်ပွဲများအား ပြုလုပ်ဆင်နွှဲခြင်း
- အထိမ်းအမှတ်အခမ်းအနား ပွဲတော်တစ်ခုခုအဖြစ် ဖန်တီး၍ တခမ်းတနား ပြုလုပ်ခြင်း
- ကဗျာ လင်္ကာများ ရွတ်ဆို၍ တစ်စုံတစ်ခုသော သမိုင်းအကြောင်းအရာများအပေါ် ကြေကွဲလွမ်းဆွတ်ဖွယ် အထိမ်းအမှတ်အဖြစ် ခန္ဓာကိုယ်အား ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်ခြင်း
- တမန်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ ၏ အိမ်တော်သူ အိမ်တော်သားများ ဘေးဒုက္ခရောက်ခဲ့သည့် အကြောင်းချင်းရာများကို ရွတ်ဖတ်၍ ၀မ်းနည်း ကြေကွဲမှုအထိမ်းအမှတ်များကို ခမ်းနားစွာ ပြုလုပ်ကြခြင်း
- (ရှရီက်) အလ္လာဟ်အရှင်မြတ်အား တုဖက်ယှဉ်ပြိုင်၍ ကိုးကွယ်မှုပြုခြင်းလုပ်ရပ်နှင့် ကိုယ်တော်မြတ်နှင့် ဆွဟာဗာသာဝကကြီးများအား စော်ကား ပုတ်ခတ် အမြင်မကြည်ခြင်းများ ပြုလုပ်ခြင်းနှင့် အခြားသော အပြစ် ရနိုင်သည့် လုပ်ရပ်များမှ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။
No comments:
Post a Comment